ဒယ်နီ ပူလာချိန်မှ ဓါတ်လိုက်ခြင်း

အခုလပိုင်း အတွင်း ထူးထူးဆန်းဆန်း ပြဿနာလေးတွေ အမေးများတာကို တွေ့ရပါတယ် ။ ကျတော် ဒယ်နီအိုး အသစ်ကြီးဝယ်ထားတာ ဘယ်လောက်မှ မကြာသေးဘူး ။ အဲ့ဒါ ဓါတ်လိုက်နေလို့ ဘယ်အပိုင်းစစ်ရမလဲ ။ မိတ်ဆွေအတော်များများ မေးလာတာကို ကြားရပါတယ် ။ နောက်ဆုံး ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးရဲ့ ဒယ်နီလည်း အသစ်ကြီး ကနေ အဲ့လိုဖြစ်နေတော့ စဉ်းစားရပြီ ။

ခက်တာက အေးနေရင် ဓါတ်မလိုက်ပဲ ပူလာရင် ဓါတ်လိုက်တဲ့ ပြဿနာပဲ အေးသွားရင်လဲ ဓါတ်မလိုက်တော့ပြန်ဘူး ။ အဲ့ဒီ ဒယ်နီကို အေးနေချိန် မီတာနဲ့ ထောက်စမ်းလိုက်တယ် ။ အဆက်အသွယ် မပြဘူး ။ ပလပ်ထိုးပြိး အပူပေးလိုက်တယ် ။ Tester နဲ့ သံကိုယ်ကို ထောက်ထားလိုက်တယ် ။ အပူချိန် တစ်ခုရောက်တာနဲ့ Tester လည်းမီးလင်းလာတာကို တွေ့လိုက်ရတယ် ။ သေချာပြီ ပူလာလျှင် ဓါတ်လိုက်တော့တာ ။ ခက်တာက ပြန်အေးသွားတော့ ဓါတ်မလိုက်တော့ပြန်ဘူး ။ ဟုတ်ပြီ ။ လျှပ်စစ်သဘောတရားနဲ့ စဉ်းစားကြည့်ပြီး ပြစ်ချက်လိုက်ရှာတော့ ။ မတွေ့ဘူး ။ အဖြေ မထွတ်ဘူး ။ Wiring ဆိုင်ရာ ဘာဖြစ်ချက်မှလည်း မရှိဘူး ။

နောက်တော့ သတ္တုတွေရဲ့ သဘာဝနဲ့ စဉ်းစားကြည့်လိုက်တယ် ။ သတ္တုတွေက ပူလာရင် ကြွခြင်း ရုန်းခြင်း သတ္တိရှိတယ် ။ ဒီတော့ အဖြေက ခပ်ရေးရေးပေါ်လာတယ် ။ သေချာပြီ မီးကွိုင်အတွင်းထဲမှာ အသေ ပိတ်ထည့်ထားတဲ့ နီခရုန်းကွိုင်က ပူလာတော့ သတ္တုရဲ့ သဘာဝအတိုင်း ရုန်းခြင်း ကြွခြင်းဖြစ်မယ် ။ မီးကွိုင်သံပိုက်ကို လာထိမယ် ။ အဲ့ကနေ လျှပ်စစ်ကူးပြီး ဓါတ်လိုက်တာပဲ ဖြစ်လောက်တယ် ။

စဉ်းစားမိတာ ဖြစ်နိုင်လားလို့ မီးဖိုကို ပလပ်ထိုး ပါဝါကျွေးထားရင်း နဲ့ တပြိုင်နက်တည်း စမ်းသပ်ခုံ ( Test Board ) နဲ့ ဆက်ထားလိုက်တယ် ။ အပူချိန်တစ်ခုရောက်တာနဲ့ စမ်းသပ်ခုံ မီးလုံး လင်းလာတော့တာပဲ ။ ဒယ်နီအိုးကို Tester နဲ့ထောက်ကြည့်တော့ မီးလင်းနေပြီ ။ ပလပ်ကို ပြန်ဖြုတ်ပြီး အအေးခံလိုက်တယ် ။ အေးသွားတော့ စမ်းသပ်ခုံ မီးပြန်ပိတ်သွားတယ် ။ Tester လည်း မီးမလင်းတော့ဘူး ။ စဉ်းစားမိတဲ့ အဖြေကို သေချာသွားစေတယ် ။

အဖြစ်အပျက်ရဲ့ အဖြေကတော့ ပူလာချိန်မှာ မီးဖိုကွိုင်အတွင်းထဲက နီခရုန်းကွိုင်က ရုန်းကြွလာပြီး သံပိုက်ကို လာထိခြင်းကြောင့် ပူလာလျှင် ဓါတ်လိုက်လာခြင်းဖြစ်ပြီး အေးသွားပါက ဓါတ်မလိုက်တော့ခြင်းဟုသာ ဟူဆမိပါသည် ။

မီးကွိုင်သံပိုက်အတွင်းတွင် ဖြစ်နေသော ပြဿနာဖြစ်ခြင်းကြောင့် မည်သို့မျှ ပြင်ဆင်၍ မရနိုင်တော့ပါ ။ ပစ္စည်းအရည်အသွေးညံလွန်းသောကြောင့်ဖြစ်ပါသည် ။ ဈေးချိုသည့် လျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန် အကောင်းဆုံး အကြံပြုလိုပါသည် ။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top