ထိုမီးဖိုက တော်တော်ခေါင်းစားပါတယ် ။ ကျတော်သင်္ဘာလိုက်နေရင်း အဲ့ဒါနဲ့စတွေ့တာပဲ ။ ဘယ်လိုကြီးလဲ Inductor ကြေးကွိုင်တခုနဲ့ ဆားကစ်ပြားတွေပဲပါတာ ။ ပါဝါနိုးထားပြီး လက်နဲ့ကိုင်တော့လည်းမပူ စက္ကူတင်လဲ ဘာမှမဖြစ် ။ သို့သော် သံထည် စတီးအိုး တင်လိုက်တာနဲ့ချက်ခြင်းကို ပူတောတာပဲ အဲ့အချိန်မှာ အိုးကို သွားမကိုင်လေနဲ့တော့ လက်လည်း ချက်ပြုတ်ပြီးသားဖြစ်သွားမှာပါ ။

စပြီးလေ့လာရပြီ ခက်တာက အဲ့အချိန်က ပေါ်ကာစဆိုတော့ လိုင်းပေါ်မှာလည်း အဲ့ကောင်ကိုသိပ်မတွေ့ရသေးဘူး ။ နည်းနည်းတော့ တိုင်ပါတ်တယ် ။ သို့သော် ကြံဖန်ကြည့်တာပေါ့ ပါလာတဲ့ အိုင်စီ ၂ လုံးကို လေ့လာလိုက်တယ် ။ ခြေထောက် ၈ ချောင်းနဲ့ အိုင်စီ များသောအားဖြင့် Viper 12A ဖြစ်တတ်သော်လည်း ၊ AP 8012 အိုင်စီများလည်း တပ်ဆင်ထားတတ်ပါသေးသည် ။ သို့သော် အလုပ်လုပ်ပုံအတူတူပင်ဖြစ်ပါသည် ။
အလုပ်လုပ်ပုံ အကြမ်းလေးစတင်ဆွေးနွေးလိုပါတယ် ။ အခြေခံအဆင့်မဟုတ်ခြင်းကြောင့် Electronic အခြေခံနားမလည်သေးတဲ့ မိတ်ဆွေများ အတွတ် ဖတ်ရတာ အခက်အခဲဖြစ်စေနိုင်ပါသည် ။
ကဒ်ကို ဦးစွာ High Voltage AC ထည့်လိုက်သည်နှင့် Bridge Rectifier မှ High Voltage DC သို့ပြောင်းလိုက်ပါတယ် ။ အပေါင်းဗို့အားကို Inductor Coil အတွင်းမှ ဖြတ်သန်းပြီး Main Inductor အစတစဖြင့် တိုတ်ရိုတ်ချိတ်ဆက်ထားလိုက်ပြီး Main Inductor ရဲ့ အခြား အစ တဘက်ကို တော့ IGBT ရဲ့ Collector ဖြင့်ဆက်ထားလိုက်ပါတယ် ။
ဒါဆိုရင် Invertor အလုပ်လုပ်ပုံ သဘောတရားသိရင် SMPS စနစ် အလုပ်လုပ်ပုံ သဘောတရားသိရင် Induction Cooker အလုပ်လုပ်ပုံသိမြင်နိုင်ပါတယ် ။ မခက်ပါ အတူတူပင် ဖြစ်ပါတယ် ။ ဆိုကြပါစို့ အခု Main Coil ထဲကို High Voltage DC ရောက်နေပြီ ။ ဒါဆို Frequency ကြိမ်နှုန်းတွေထွတ်လာအောင် Viper 12 A အိုင်စီလေးက IGBT ရဲ့ Gate ကို ဖွင့်ပိတ် လုပ်ပါတော့တယ် ။ အကြိမ်ရည် ဘယ်လောက်များလဲ ဆို Frequency 30k Hz ကနေ 40k Hz အထိ ပြင်းထန်ပါတယ် ။

အဲ့ဒီတော့ Transformer ကိုပြန်ဆွေးနွေးလိုပါတယ် ။ Transformer ဆိုတာ Inductor ၂ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး Magnetic flux လျှပ်ညှို့ခြင်း ဖြင့် ဗို့တွေ ကို ကူးယူပါတယ် ဆိုတာ နားလည်ထားပြီးသားဆိုကြပါစို့ ။
ဒါဆို အပေါ်က Induction Cooker ကိုပြန်ဆက်ပါမယ် ။ သူလည်း အတူတူပါပဲ ။ မီးဖိုမှာပါဝင်လာတဲ့ Main Coil က Transformer ရဲ့ Primary Coil အဖြစ်အလုပ်လုပ်မှာဖြစ်ပြီး ၊ မီးဖိုပေါ်တင်လိုက်တဲ့ သံအိုး သို့မဟုတ် စတီးလ်အိုးကတော့ Secondary Coil ဖြစ်သွားပြီး လျှပ်ညှို့ခြင်းနည်းဖြင့် အိုးကိုပူစေလာပါလိမ့်မယ် ။ ဆိုရမယ် ဆိုလျှင် Eddy Current Effect ကိုအသုံးချခြင်းသာဖြစ်ပါသည် ။ Frequency 50 Hz လောက်ဆိုဘာမှဖြစ်မှာမဟုတ်ပေမယ့် ။ 40000 Hz ဆိုတာ တကယ့်ကိုမြင့်မားလွန်းတဲ့ ကြိမ်နှုန်းဖြစ်ပါသည် ။ ဒါကြောင့် စတီးလ်အိုး တင်မှ ပူသည့် မီးဖိုဆိုတာဖြစ်လာပြီး ကနေ့ခေတ် သံရည်ကျို လုပ်ငန်းတွေမှာလည်း အများအပြားအသုံးပြုနေကြပြီဖြစ်ပါသည် ။


အဓိကအားဖြင့်တော့ ကြေးကွိုင် Frequency တခုခုထုတ်ပေးမည့် အိုင်စီ Switch အဖြစ် Transistor နှင့် အီလက်ထရွန်းနစ် အခြေခံနားလည်ပါက မိမိကိုယ်တိုင်ပင် Induction Cooker ကိုတည်ဆောက်နိုင်ပါသည် ။ သံရည်ကျိုလုပ်ငန်းကြီးတွေမှာတော့ Induction Coil တွေကို အဲကွန်းပိုက်ကဲ့သို့ ကြေးပိုက်ဖြင့် ပြုလုပ်ပြီး အတွင်းမှာ ရေကို ဖြတ်သန်းစီးဆင်းစေပါတယ် ။ ဘာကြောင့်ဆို သံရဲ့ အရည်ပျော်လာမည့် အပူချိန်ကို ကြေးကွိုင်က ခံနိုင်စေရန် ဖြစ်ပါသည် ။ ဟင်းချက်ရန် အတွတ်လောက် အပူချိန်ကိုတော့ ကြေးက အဖတ်လုပ်နေမည်မဟုတ်ပါ ။
ထို့ကဲ့သို့အလွန်မြင့်မားသော Frequency ကြောင့် ထိုမီးဖိုရဲ့ ကိုယ်ထည်များ ကြေးကွိုင်ထည့်ထားသည့် ပလက်စတစ်ကိုယ်ထည်များကို High Frequency ခံနိုင်စေမည့် အထူးအထူး ပစ္စည်းများဖြစ်ပြုလုပ်ထားပါသည် ။ သူ့ရဲ့ Coil အမျိုးအစားကိုတော့ Pan Cake Type လို့အမည်ပေးထားပါသည် ။


လျှပ်စစ် နှင့် အီလက်ထရွန်းနစ် နည်းပညာရပ်များကို နှစ်ပေါင်းများစွာ စာတွေ့လက်တွေ့ လေ့လာသင်ကြားပေးနေပြီး နည်းပညာ စာအုပ်များ ရေးသားထုတ်ဝေထားသော ဆရာရဲ (လျှပ်စစ်ကျောင်းသား) ဖြစ်ပါသည်။