ဆိုင်ကယ်နှင့် စက်ယန္တရားများတွင် Lead-acid ဘက်ထရီအစား သာမန် LiFePO4 ကို တိုက်ရိုက်အစားထိုးအသုံးမပြုသင့်ရသည့် အကြောင်းရင်း
လက်ရှိကာလတွင် ဆိုင်ကယ် သို့မဟုတ် စက်ယန္တရားများတွင် မူလပါရှိသော Lead-acid (အက်ဆစ်အိုး) ဘက်ထရီများနေရာ၌ သက်တမ်းကြာရှည်ခံပြီး စျေးသက်သာမည်ဟု ယူဆကာ LiFePO4 (Lithium Iron Phosphate) ဘက်ထရီများကို အစားထိုးတပ်ဆင်လိုသူများ များပြားလာပါသည်။ လူမှုကွန်ရက်ပေါ်တွင် LiFePO4 10Ah ဆဲလ် ၄ လုံးကို BMS တပ်ဆင်ပြီး ဆိုင်ကယ်တွင် အောင်မြင်စွာ တပ်ဆင်မောင်းနှင်ပြထားသည့် ဗီဒီယိုများကို တွေ့ဖူးကြပါလိမ့်မည်။ သို့သော် ရေရှည်အသုံးပြုမှုနှင့် နည်းပညာသဘောတရားအရ အောက်ပါအချက်များကြောင့် သာမန် LiFePO4 ဘက်ထရီများကို တိုက်ရိုက်အစားထိုး အသုံးမပြုသင့်ပါ။

၁။ High Capacity နှင့် High Drain သဘောတရား ကွာခြားချက်
စျေးကွက်ထဲရှိ အိမ်သုံး LiFePO4 ဘက်ထရီအများစုသည် စွမ်းအင်သိုလှောင်မှုအားကောင်းသော High Capacity အမျိုးအစားများသာ ဖြစ်ကြပြီး၊ လျှပ်စီးပမာဏ ရုတ်တရက် အဆမတန်ထုတ်ပေးနိုင်သော High Drain အမျိုးအစားများ မဟုတ်ကြပါ။
ဥပမာ – ၁၀ Ah ဘက်ထရီပြားတစ်ပြား၏ Discharge Rate သည် 0.5C သို့မဟုတ် 1C ခန့်သာရှိပါက တစ်ကြိမ်လျှင် 5A မှ 10A ခန့်သာ ထုတ်ပေးနိုင်စွမ်းရှိပါသည်။
သို့သော် ဆိုင်ကယ်အင်ဂျင် (110cc / 125cc) တစ်စီးကို Self-starter ဖြင့် စတင်နှိုးသည့်အခိုက်အတန့်တွင် အင်ဂျင်သည် လျှပ်စီး 40A မှ 70A အထိ ရုတ်တရက် ဆောင့်ဆွဲအသုံးပြုပါသည်။
၎င်းသည် 10Ah ဘက်ထရီပြားအတွက် 4C မှ 7C အထိ ဝန်ပိသွားခြင်းဖြစ်ပြီး အတွင်းပိုင်း ဓာတုပစ္စည်းများ ပျက်စီးကာ ဘက်ထရီသက်တမ်း လျင်မြန်စွာတိုတောင်းသွားစေပါသည်။
၂။ BMS (Battery Management System) ၏ ကန့်သတ်ချက်
အင်ဂျင်နှိုးရာတွင် ဖြစ်ပေါ်လာသည့် ရုတ်တရက် လျှပ်စီးဆောင့်တက်မှုဒဏ်ကို သာမန် BMS များက မခံနိုင်ဘဲ Protection Circuit ဖြတ်တောက်သွားခြင်း သို့မဟုတ် လောင်ကျွမ်းပျက်စီးခြင်းများ ဖြစ်ပေါ်စေပါသည်။ မော်တော်ကားနှင့် စက်နှိုးရန် သီးသန့်ထုတ်လုပ်ထားသော High-Amp BMS များမှာ စျေးနှုန်းကြီးမြင့်သဖြင့် စီးပွားရေးတွက်ခြေမကိုက်လှပါ။
၃။ အားသွင်းစနစ် (Charging Voltage) မကိုက်ညီခြင်း
4S LiFePO4 ဘက်ထရီတစ်လုံး၏ အမြင့်ဆုံး အားသွင်းဗို့အားသည် 14.6V ခန့်သာ ဖြစ်ပါသည်။ သို့သော် ဆိုင်ကယ်လီဗာဆွဲကာ မောင်းနှင်သည့်အခါ ဒိုင်နမိုမှ ထွက်ပေါ်လာသည့် ဗို့အားသည် 15V, 16V မှ 17V အထိ မြင့်တက်သွားလေ့ရှိပါသည်။ Lead-acid အက်ဆစ်အိုးများသည် ထိုဗို့အားဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း LiFePO4 ပေါ်ရှိ BMS များမှာ အဆိုပါ Over-voltage ဒဏ်ကြောင့် လောင်ကျွမ်းပျက်စီးနိုင်ပါသည်။

လျှပ်စစ် နှင့် အီလက်ထရွန်းနစ် နည်းပညာရပ်များကို နှစ်ပေါင်းများစွာ စာတွေ့လက်တွေ့ လေ့လာသင်ကြားပေးနေပြီး နည်းပညာ စာအုပ်များ ရေးသားထုတ်ဝေထားသော ဆရာရဲ (လျှပ်စစ်ကျောင်းသား) ဖြစ်ပါသည်။