ကနေ့ ခေတ်လို အင်ဗာတာတွေ ဘက်ထရီတွေ ခေတ်စားလာချိန် ။ Battery အကြောင်းကို
မိတ်ဆွေများအနေဖြင့် စနစ်တကျ သိစေလိုပါသည် ။ Lead Acid Battery အကြောင်းကို ဦးစွာ ဆွေးနွေးတင်ပြလိုပါသည် ။ အခြားသော ဘက်ထရီများဖြစ်သည့် ၊ Tubular , Lithium , LifePo4 စသည့် ဘက်ထရီများအကြောင်းကိုလည်းဆက်လက်ဆွေးနွေး လိုပါသေးသည် ။


ခဲအက်ဆစ် ဘက်ထရီ Lead Acid Battery သည် မော်တာယာဉ်များ ၊ သင်္ဘောများ နှင့် အင်ဂျင်စက်များအတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းဖြစ်ပါသည် ။ ထို့အတူ အင်ဗာတာအတွက်လည်း ဘက်ထရီသည် အရေးပါသည့် ပစ္စည်းဖြစ်ပါသည် ။ ဘက်ထရီမကောင်းလျှင် မော်တာယာဉ် နှင့် အင်ဂျင်စက်များကို နှိုးရန် ခက်ခဲသကဲ့သို့ အင်ဗာတာသည်လည်း ပြည့်ဝစွာ အလုပ်မလုပ်နိုင်တော့သည့် အပြင် Power Transistor များကိုလည်း လောင်ကျွမ်းပျက်စီး စေနိုင်ပါသည် ။ ယနေ့ခေတ်တွင်မူ FET များကို များစွာအသုံးပြုလာပြီဖြစ်သလို IGBT များကိုလည်း အများအပြားအသုံးပြုကြပါသည် ။
ဘက်ထရီ၏ အခြေခံ သဘောတရား
ဘက်ထရီကကို Cell ဟု ခေါ်သည့် အခန်းငယ်များကို တန်းဆက်ပြုလုပ်ထားခြင်းဖြစ်ပါသည် ။ အခန်းငယ် တခန်းစီတွင် အဖိုခဲပြားတစုံ နှင့် အမခဲပြားတစုံ ပါဝင်ပြီး ကန့်ငရဲမီးခေါ် ဆာလ်ဖြူရစ်အက်စစ် Sulphuric Acid စိမ်ထားပါသည် ။ ဘက်ထရီအခန်းငယ် တခန်း၏ ဗို့အားကို 2.05 V ဟု စံသတ်မှတ်ထားပါသည် ။ ထို့ကြောင့် အခန်း ၃ ခန်းပါ ဘက်ထရီကို ၆ ဗို့ ဘက်ထရီ ၊ အခန်း ၆ ခန်းပါ ဘက်ထရီကို ၁၂ ဗို့ ဘက်ထရီ ၊ အခန်း ၁၂ ခန်းပါ ဘက်ထရီကို ၂၄ ဗို့ ဘက်ထရီ စသည်ဖြင့် အသီးသီး ခေါ်ဆိုကြခြင်းဖြစ်ပါသည် ။
ဘက်ထရီကို လျှပ်စစ်ဓါတ်အားဖြင့် အားသွင်းသည့်အခါ ဘက်ထရီသည် လျှပ်စစ်စွမ်းအင်ကို ဓါတုဗေဒ စွမ်းအင်အဖြစ်သို့ အသွင်းပြောင်းပြီး သိုလျှောင်ထားပါသည် ။ ဘက်ထရီအားသွင်းခြင်း လုပ်ငန်းစဉ်ကို Charging ဟုဆိုပြီး ဘက်ထရီအားသွင်းစက်ကို Battery Charger ဟုခေါ်ဆိုပါသည် ။
ဘက်ထရီတလုံးကို ပြန်လည်အသုံးပြုသည့်အခါ ဘက်ထရီအတွင်း သိုလှောင်ထားသည့် ဓါတုစွမ်းအင်သည် လျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြန်ပြောင်းပေးပါသည် ။

ဘက်ထရီစံနှုန်း
ဘက်ထရီတလုံးမှ လျှပ်စစ်စီးကြောင်း Ampere ထုတ်ပေးနိုင်သည့် ပမာဏသည် အတွင်းရှိ ပလိပ်ပြားများ အားလုံး၏ စုစုပေါင်း ဧရိယာအပေါ်တွင် အထိက မှီခိုနေပါသည် ။ ပလိပ်ပြား အရည်အတွက်များလေလေ ပလိပ်ပြား၏ မျက်နှာပြင်ဧရိယာကြီးလေလေ လျှပ်စီးကြောင်း Ampere များများထုတ်ပေးနိုင်လေ ဖြစ်ပါသည် ။ ထို့ကြောင့် အရွယ်ကြီးသည့် ဘက်ထရီသည် အရွယ်ငယ်သည့် ဘက်ထရီထက် လျှပ်စီးကြောင်း Ampere များများထုတ်ပေးနိုင်စွမ်းရှိပါသည် ။
ဘက်ထရီ တလုံးမှ လျှပ်စီးကြောင်း Ampere မည်မျှ ထုတ်ပေးနိုင်သည်ကို ဘက်ထရီစံနှုန်းဖြင့် ဖော်ပြလေ့ရှိပါသည် ။ ဘက်ထရီ စံနှုန်း သတ်မှတ်ပုံ အမျိုးမျိုးရှိပါသည် ။ ဘက်ထရီ စံနှုန်းသတ်မှတ်ပုံ အမျိုးမျိုး ရှိသည့် အနက် အဓိကအားဖြင့် နာရီ ၂၀ နှုန်း 20 – hour rate စနစ်ကို အသုံးများကြပါသည် ။
ဘက်ထရီတလုံးသည် ယင်း၏ အခန်းတခန်းစီ၏ ဗို့အားကို 1.75 V ထက်မလျော့ကျစေပဲ နာရီ ၂၀ ကြာအောင် အသုံးပြုနိုင်သည့် Ampere ကို ထုတ်ပေးနိုင်သည်ဆိုခြင်းကို နာရီ ၂၀ နာရီနှုန်းဟုခေါ်ဆိုခြင်းဖြစ်ပါသည် .
ဥပမာအားဖြင့် ၁၂ ဗို့ ဘက်ထရီတလုံးဆိုပါလျှင်
တခန်းလျှင် အနိမ့်ဆုံး 1.75
၆ ခန်း ဖြစ်သောကြောင့်
1.75 x 6 = 10.5 v
ဆိုလိုခြင်းမှာ နာရီ ၂၀ အသုံးပြုပြီးသည့်တိုင် ဘက်ထရီဗို့အားသည် ၁၀.၅ ဗို့ကျန်နေသေးပါက ၂၀ နာရီ စံနှုန်းဟု ခေါ်ဆိုကြပါသည် ။
100Ah Battery တလုံးကို တနာရီလျှင် 5 A ထုတ်ယူသုံးစွဲလျှင် နာရီ ၂၀ ကြာအောင် အသုံးပြုနိုင်ပါသည် ။ သို့သော် တနာရီလျှင် 10A ထုတ်ယူသုံ့းစွဲလိုက်ပါက ၁၀ နာရီ အသုံးပြု၍ ရမည်ဖြစ်သော်လည်း လက်တွေ့တွင် ၁၀ နာရီကြာအောင် အသုံးပြုနိုင်ခြင်းမရှိပါ ။ ။
Lead Acid ဘက်ထီများဖြစ်သောကြောင့် DOD = Dead of Discharging 50% သာရှိသောကြောင့် ဘက်ထရီအိုးတလုံး၏ Ampere ထက်ဝက်သာလျှင် အသုံးပြုနိုင်မှာဖြစ်ပါသည် ။

လျှပ်စစ် နှင့် အီလက်ထရွန်းနစ် နည်းပညာရပ်များကို နှစ်ပေါင်းများစွာ စာတွေ့လက်တွေ့ လေ့လာသင်ကြားပေးနေပြီး နည်းပညာ စာအုပ်များ ရေးသားထုတ်ဝေထားသော ဆရာရဲ (လျှပ်စစ်ကျောင်းသား) ဖြစ်ပါသည်။