တခါတလေ အချို့မိတ်ဆွေတွေ မေးတတ်တယ် ။ Battery ကောင်းမကောင်းဘယ်လိုစမ်းရမလဲဆိုတာပါ ။ အချို့ကလည်း မီတာနဲ့တိုင်းလိုက် ၁၂ ဗို့ Battery မှာ ၁၂ ဗို့ကျော်နေရင် ကောင်းသေးတယ် လို့ပြောကြပါ။ သေးတယ် ။ အမှန်က Battery မှာ ဗို့ရှိတာနဲ့ Battery ကောင်းမကောင်း သက်ဆိုင်ခြင်းမရှိပါဘူး ။

မှတ်မိတာနဲ့ ငယ်စဉ်တုန်းက နယ်မှာနေတော့ ဘကြီးက တရုတ်နီ မီးစက်ကြီးနဲ့ ဘက်ထရီ အားသွင်းလုပ်ငန်းလုပ်တော့ နှစ်တော်တော်ကြာအောင် ကူညီလုပ်ကိုင်ပေးဘူးတာ ။ ၈ တန်းကျောင်းသားဘဝကတည်းက မီတာကောင်းကောင်း သုံးတတ်နေပြီ ။ ဘက်ထရီအိုး တွေ အားမသွင်းခင် အဖုံးဖွင့်ရတာနဲ့ ရေဖြည့်ရတာနဲ့ ကြိုးတွေ ဆက်ရတာနဲ့ ။ ပျော်စရာကောင်းတာ လုပ်ငန်းက ကင်ဆာ ဖြစ်နိုင်တာ အဲ့အချိန်ကတော့ မသိခဲ့ ဘူး ။
အဲ့တုန်းက အခုလို Battery Tester တွေ ပေါ်လာ မပေါ်လားမသိဘူး ။ နိုင်ငံခြားမှာတော့ရှိချင်ရှိမှာပါ ။ မြန်မာပြည်မှာတော့ Battery စမ်းတာ ၁၂ ဗို့ မီးသီးလေးတွေနဲ့ပဲ စမ်းတာပဲ ဖွေးနေအောင်လင်းရင် အားရှိတယ်ပေါ့ ။ ဒါမျိုးစမ်းတာပေါ့ ။ နောက် ဘက်ထရီ ကောင်းမကောင်းစမ်းတာကတော့ ။ ဘက်ထရီကို အား အပြည့်သွင်းလိုက်တယ် ။ ဗို့တိုင်းထားလိုက်တယ် ။ တညလောက် ပစ်ထားပြိး မိုးလင်းပြန်ပြီး ဗို့တိုင်း ကြည့်လို့ တော်တော် လျော့နေရင် မကောင်းတော့ဘူး လို့ ဆုံးဖြတ်တာ ။ တခန်းခြင်းစီ ဗို့လိုက်တိုင်းပြီး ဘယ်အခန်း အများဆုံး နည်းနေလဲ ရှာပြီး ပြင်သင့်ရင်ပြင်တာပဲ ။ ဒါကတော့ ခေတ်ဟောင်းပုံစံပါ ။
အခုတော့ Battery Tester တွေပေါ်လာပြီ ။ အဲ့တော့ Battery တလုံးကောင်းမကောင်း စမ်းလို့ရသွားတော့ အဆင်ပြေသွားတာပေါ့ ။ Analog Battery Tester အသုံးပြုပုံ အကြောင်းဆွေးနွေးကြည့်လိုပါတယ် ။ သူ့မှာ Load Test စမ်းဖို့ ခလုပ်တခုပါဝင်ပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး ၇ စက္ကန့်ကနေ ၁၀ စက္ကန့်အထိ စမ်းသတ်ဖို့ ညွှန်ကြားထားပါတယ် ။ အရင်ဆုံး Battery တလုံးကို စမ်းမယ်ဆိုပါက အားပြည့်သွင်းထားသင့်ပါတယ် ။ Battery တလုံး အားအပြည့်က ၁၂ ဗို့ ဆို ၁၃ ဗို့ ကျော်ကျော် ၁၄ ဗို့နီးပါးရှိပါတယ် ။ အရင်ဆုံး သာမာန် ဗို့မီတာနဲ့ ဗို့ဘယ်လောက်ရှိလဲ တိုင်းကြည့်ထားပါတယ် ။ Battery Tester မှာလည်း ဗို့တိုင်းနိုင်ပါတယ် ။ ဗို့ ဘယ်လောက်ရှိလဲ သိအောင် နှစ်ခု နှိုင်းယှဉ်လိုက်တာပါ ။


Battery Tester Clip တွေကို ဘက်ထရီမှာ ချိတ်လိုက်ပါတယ် ။ Tester မှာ ဗို့ဘယ်လောက်ရှိလဲ ပြနေမှာ ဖြစ်ပါတယ် ။ အဲ့ဒါက ဘက်ထရီကောင်းမကောင်း အဖြေမဟုတ်သေးပဲ ဗို့အားကိုသာပြနေခြင်းပါ ။ Battery Tester မှာ Load Test ခလုပ်တခုပါဝင်ပါတယ် ။ Battery ဖြင့်ချိတ်ဆက်ပြီးပါက ထိုခလုပ်ကို နှိပ်လိုက်လျှင် မီတာမှာ ဗို့အားကျသွားပါလိမ့်မယ် ။
ကောင်းနေသေးလား မကောင်းတော့ဘူးလားဆိုတာ မီတာမှ ပါလာတဲ့ အနီအကွက် အစိမ်းအကွက် စတဲ့ အခြေအနေလေးတွေနဲ့ ပြုတ်ကျသွားတဲ့ ဗို့အား အခြေအနေကို ၁၀ စက္ကန့် ခလုပ်ကို နှိပ်ထားပြီး မျက်မြင်စစ်ဆေးနိုင်ပါတယ် ။ Load Test မလုပ်ခင် တိုင်းတာရထားတဲ့ ဗို့ထက်များစွာ ပြုတ်ကျ ဝပ်ဆင်းသွားပြီး ၁၀ စက္ကန့်အတွင်း ပြန်မတက်လာနိုင်ပါက Battery မကောင်းတော့ဟု သတ်မှတ်နိုင်ပါသည် ။
Battery Tester များကိုတော့ကား ဘက်ထရီ အရောင်းဆိုင်များ ၊ ကား Work Shop များတွင် အများအပြားအသုံးကြပါသည် ။

လျှပ်စစ် နှင့် အီလက်ထရွန်းနစ် နည်းပညာရပ်များကို နှစ်ပေါင်းများစွာ စာတွေ့လက်တွေ့ လေ့လာသင်ကြားပေးနေပြီး နည်းပညာ စာအုပ်များ ရေးသားထုတ်ဝေထားသော ဆရာရဲ (လျှပ်စစ်ကျောင်းသား) ဖြစ်ပါသည်။